နိုင်ငံ့ဝန်ထမ်းပြောင်းရွှေ့ခြင်း

ဥပဒေ၊ မူဝါဒနှင့်ပြောင်းရွှေ့ရေးဌာနခွဲ၊နိုင်ငံ့ဝန်ထမ်းအရာထမ်းများပြောင်းရွှေ့ခန့်ထားမှုစိစစ်ရေးယူနစ်

၂၀၁၃ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၅ ဖြင့် ၈-၃-၂၀၁၃ ရက်နေ့၌ နိုင်ငံတော် သမ္မတကလက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သော “နိုင်ငံ့ဝန်ထမ်းဥပဒေ” အခန်း (၃)၊ ပုဒ်မ ၈၊ ပုဒ်မခွဲ (က) နှင့် (ခ) တွင် အောက်ပါအတိုင်းပြဋ္ဌာန်းထားပါသည် –

(က)  ပုဒ်မ ၈(က)။ “ဝန်ကြီးဌာနနှင့် ဝန်ထမ်းအဖွဲ့အစည်းတစ်ခုခုမှ ပြန်တမ်းဝင်အရာရှိ တစ်ဦးဦးကို အခြားဝန်ကြီးဌာနနှင့် ဝန်ထမ်းအဖွဲ့အစည်းတစ်ခုသို့ ပြောင်းရွှေ့ခန့်ထားလိုပါကသတ်မှတ်ထားသည့် အရည်အချင်းနှင့် ပြည့်စုံလျှင် သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းသည် ရာထူးဝန်အဖွဲ့နှင့် ညှိနှိုင်းရမည်။”

(ခ)    ပုဒ်မ ၈(ခ)။ “ရာထူးဝန်အဖွဲ့သည်ပုဒ်မခွဲ(က)အရ ညှိနှိုင်းလာသည့်အပေါ်စိစစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြရမည်။”

၄င်းအပြင် နိုင်ငံ့ဝန်ထမ်းဥပဒေအခန်း(၃)၊ ပုဒ်မ ၈ နှင့်စပ်လျဉ်း၍ ရုံးလုပ်ငန်းဆိုင်ရာ လုပ်ငန်းတာဝန်များကို ပီပြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့၏ သဘောတူညီမှုနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၄/၂၀၁၃)၏ ခွင့်ပြုချက်အရ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဦးစီးဌာနတွင် ဥပဒေ၊ မူဝါဒနှင့် ပြောင်းရွှေ့ရေးဌာနခွဲကို အရာထမ်း(၇)ဦး၊ အမှုထမ်း(၁၄)ဦးဖြင့် ပြင်ဆင်တိုးချဲ့ဖွဲ့စည်းခဲ့ပြီး ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ/ ဝန်ကြီးဌာနများမှ ပေးပို့လာသည့်ဌာနပြောင်းရွှေ့တာဝန်ထမ်းဆောင်ခွင့်ရရှိရေးဆိုင်ရာ အဆိုပြုချက်များကို နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၂၈-၃-၂၀၁၃ ရက်နှင့် ၂၉-၄-၂၀၁၃ ရက်စွဲပါ ညွှန်ကြားချက်များ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ၁၇-၄-၂၀၁၃ ရက်စွဲပါ အချက်အလက်များနှင့် ကာကွယ်ရေးဝန်ကြီးဌာန၏ ၁၈-၁-၂၀၁၄ ရက်စွဲပါအချက်အလက်များနှင့်အညီ စနစ်တကျ စိစစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြပေးလျက်ရှိပါသည်။